Standard CMOS Setup
Standard CMOS Setup ဆိုတာ CMOS Setup Utility ထဲမှာရှိတဲ့ Features တွေထဲကမှ တစ်ခုပါ။ အဲ... ပြောရင်းနဲ့ ပိုပို ရှုပ်လာပြီ မထင်လိုက်ပါနဲ့နော်။ ရှုပ်ပြီးမှတော့ ရှင်းရတော့မှာပေါ့။ ဒီတော့ CMOS ဆိုတာကိုလည်း သိပြီးပြီလား။ မသိသေးဘူးဆိုရင် ဖတ်ပြီး လေ့လာကြည့်နော်။ သိပြီးသားဆိုရင်တော့ ရေးထားတာ မှန်၊မမှန် စစ်ပေးပါဦးနော်။
CMOS ဆိုတာက Complementory Metal-Oxide Semiconductor ရဲ့ အတိုကောက်စာလုံးလေးတစ်ခုပါ။
သူက Memory Chip တစ်မျိုးဖြစ်ပြီးတော့ Data တွေကို 64 KB စာ သိမ်းဆည်းနိုင်ပါတယ်။ CMOS ကို ဘယ်အချိန်မှာ အသုံးပြုလဲ ဆိုတော့ စက်ထဲမှာရှိတဲ့ Device တွေရဲ့ Parameter ပြောင်းလဲမှုတွေကို ပြန်ပြင်ပြီး သိမ်းဆည်းတဲ့အခါမှာ
သုံးပါတယ်။ RAM ကိုယခင်သုံးထားတာ 256 MB တစ်ချောင်းတည်းဖြစ်ပေမဲ့ အခု နောက်ထပ် 256 MB ရှိတဲ့ RAM card ထပ်စိုက် ရတဲ့အခါမျိုးမှာ သူ့ရဲ့ Parameter ကပြောင်းသွားပြီလေ။ အဲဒီလို ပြောင်းလဲမှုတွေကို ပြင်ဆင်ပြီး CMOS ထဲမှာ သိမ်းထားလို့ ရပါတယ်။
CMOS Setup Utility ဆိုတာကတော့ စောစောကပြောခဲ့တဲ့ Parameter ပြောင်းလဲမှုတွေကို CMOS မှာသိမ်းဖို့
လုပ်ဆောင်ပေးတဲ့ Program လေးပါ။ ဒီ Program က ROM ထဲမှာ ပါပြီးသားပါ။ ROM ထဲမှာရှိတဲ့ BIOS ထဲမှာ ပါဝင်တာ ဖြစ်လို့ BIOS ကိုထုတ်လုပ်တဲ့ ကုမ္ပဏီပေါ်မူတည်ပြီး လုပ်ဆောင်ပုံ၊ လုပ်ဆောင်နည်း၊ ရေးပုံ၊ ရေးနည်း ကွဲပြားတတ်ပါတယ်။
အကြောင်းတရားကတော့ အတူတူပါပဲ။ ပေါင်မုန့်က ပေါင်မုန့်ပါပဲ။ ပုံသဏ္ဌာန်သာကွဲသွားတာလို့ ပြောရမလားပဲ။ ပေါင်မုန့် အ၀ိုင်း၊ အသဲပုံ စသဖြင့်ပေါ့နော်။ ဗိုက်ဆာလာလို့ ဥပမာ ပေးမိတာပါ။
ကဲ...အခုမှ လိုရင်းရောက်တယ်ပြောရမလားပဲ။ Standard CMOS Setup ထဲသွားရအောင်။ ဟင်.. ဘယ်လို
သွားရမှာလဲ။ CMOS Setup Utility ထဲဝင်လေ။ ၀င်မှ မ၀င်တတ်တာပဲ။ အလွယ်လေးပါ။ မိမိရဲ့ Computer ကိုစက်တက်လာဖို့ ဖွင့်လိုက်ပါ။ စက်တက်လာပြီဆိုတာနဲ့ Del ဆိုတဲ့ Key ကို အမြန်နှိပ်လိုက်ပါ။
ဒါဆိုရင် CMOS Setup Utility ထဲကို ရောက်သွားပါပြီနော်။ အဲ တစ်ခုပြောပြချင်တာက စောစောကပြောခဲ့သလို ထုတ်လုပ်တဲ့ ကုမ္ပဏီ မတူရင် အဲဒီ CMOS Setup ထဲဝင်ဖို့ အသုံးပြုရတဲ့ Key မတူဘူးနော်။ တစ်ချို့စက်တွေဆို Del နှိပ်လို့မရဘဲ F2,F4 (သို့) F10 တစ်ခုခု နှိပ်မှ CMOS Setup ထဲဝင်လို့ရတာလည်းရှိတယ်။ အဓိက ကတော့ မိမိစက်ကို ဖွင့်လိုက်ပြီဆိုတာနဲ့ Monitor ပေါ်မှာမြင်ရတဲ့ စာသားတွေရဲ့ အောက်ဆုံးမှာ ဖေါ်ပြထားတဲ့ စာသားလေးက CMOS ထဲဝင်ဖို့ ညွှန်ကြားထားတဲ့ အညွှန်းလေးပါ။ ဒါကြောင့်
CMOS Setup ထဲဝင်ချင်တယ်ဆိုရင်လေ အောက်ခြေမှာဖေါ်ပြထားတဲ့ စာသားလေးကို အရင်ဆုံးဖတ်ကြည့်ကြပါနော်။ အင်း... ယခု အသုံးပြုထားတဲ့ စက်ကလေးကတော့ Del ကို နှိပ်ပါတဲ့။ ဒါကြောင့် Del ကို နှိပ်ပြီး CMOS Setup Utility ထဲကို ၀င်ပြီနော်။ တစ်ခုပြောပြချင်တာကလေ အခု အောက်မှာမြင်တွေ့ရမယ့် ပုံလေးတွေက VMware ကို သုံးပြီးဖေါ်ပြပေးထားတာပါ။
ဟော... ပုံမှာတွေ့လား။ PhoenixBIOS Setup Utility ဆိုတာလေ။ အဲ... ခေါင်းမရှုပ်သွားပါနဲ့ဦးနော်။ Phoenix ဆိုတာက ကုမ္ပဏီနာမည်ပါ။ အဲဒီ ကုမ္ပဏီက ထုတ်လုပ်ထားသော BIOS မှာ ပါဝင်တဲ့ CMOS Setup Utility ပါ။ ရှင်းရှင်းလေးပါနော်။ ကဲ...ပုံမှာပါဝင်တဲ့ အကြောင်းအရာလေးကိုပြောပြရမယ်ဆိုရင် အပေါ်ဆုံးမှာ မြင်တွေ့ရတဲ့အတိုင်း
Main, Advanced, Power, Boot နဲ့ Exit ဆိုပြီးခေါင်းစဉ်ကြီး (၅) ခုရှိတယ်နော်.။ စက်တစ်လုံးနဲ့
တစ်လုံးက မတူတော့ မိမိရဲ့စက်နဲ့ ယခုမြင်တွေ့နေရတဲ့ ပုံစံ တူချင်မှတူမှာပါ။ ဒါပေမဲ့ အများသောအားဖြင့်ပုံစံသာကွဲပြားပြီး သဘောတရားကတော့ တူညီတတ်ပါတယ်။ ဒါကြောင့် မိမိစက်နဲ့ပုံစံမတူဘူးဆိုပြီး စိတ်မညစ်သွားပါနဲ့နော်.။ ဖြေးဖြေးချင်းလေ့လာကြည့်ပါဦး။ တူညီတဲ့အပိုင်းလည်း တူညီမှာပါ။ မတူညီတော့လည်း ဗဟုသုတပေါ့နော်။
အခု အရင်ဦးဆုံး ပုံရဲ့အောက်ခြေနဲ့ ညာဘက်မှာမြင်တွေ့ရတဲ့ အကြောင်းအရာလေးတွေကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ CMOS Setup ထဲကို တစ်ခါမှ မ၀င်ဘူးသေးတဲ့ သူတွေအတွက် သိဖို့လိုအပ်တဲ့ ညွှန်ကြားချက်လေးတွေကို သိစေချင်လို့ပါနော်။
F1 Help
ဒါကတော့ ရှင်းပါတယ်နော်။ မိမိ CMOS Setup ထဲဝင်နေတုန်း ဘာလုပ်လို့လုပ်ရမှန်း
မသိတော့ဘူး နားလည်းမလည်ဘူးဆိုရင်လေ F1 ကို အမြန်နှိပ်လိုက်ပါ။ ကူညီပေးမယ့် Box လေးကျလာပါလိမ့်မယ်နော်။ ဒီတော့ အဲဒီ Box လေးကျလာရင် ညွှန်ကြားချက်တွေကို သေသေချာချာ ဖတ်ကြည့်ပါဦး။ ပြီတော့မှ ညွှန်ကြားချက်အတိုင်း လုပ်လိုက်ရုံပေါ့။ ဟုတ်ဘူးလား။ ခက်နေဦးမယ်နော်။ F1 နှိပ်လိုက်လို့ ပေါ်လာမယ့် ပုံလေးကို ကြည့်ပါဦး ။
ဒါကတော့ ကိုယ်ကြိုက်နှစ်သက်ရာ Item ကို ရွေးချယ်ချင်တယ်ဆိုရင် Up/Down Arrow လေးတွေကို အသုံးပြုနိုင်ပါတယ်နော်။ ကိုယ်လေ့လာချင်တဲ့ အပိုင်း (သို့) ခေါင်းစဉ်ငယ်လေးတွေကို အဲဒီ arrows လေးတွေသုံးပြီး ရွေးချယ်နိုင်ပါတယ်။
-/+ Change Values
တစ်ကယ်လို့ တန်ဖိုးတွေ ( ဥပမာ- အချိန်နာရီ နဲ့ နေ့ရက် ) ကို ပြောင်းလဲပေးဖို့ လိုအပ်တဲ့ အခါမျိုးတွေမှာ - (သို့) + Keys တွေကို အသုံးပြုလို့ရပါတယ်။ တန်ဖိုးတွေကို တိုးချင်ရင် + Key ကို အသုံးပြုလို့ရပြီး လျှော့ချင်တယ်ဆိုရင်တော့ - Key ကို အသုံးပြုခြင်းဖြင့် ပြောင်းလဲနိုင်ပါတယ်နော်။
F9 Setup Defaults
အင်း... ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးတော့ မကြိုက်နှစ်သက်တော့ဘူး၊ မပြင်ချင်တော့ဘူးဆိုရင် ယခင်အတိုင်း ပြန်ရှိချင်တယ်ပေါ့။. အဲဒီအခါမှာတော့ F9 ကို နှိပ်ဖို့လိုအပ်လာပါလိမ့်မယ်နော်။ နဂိုအတိုင်း ပြန်ရှိနေပါလိမ့်မယ်။ ဒီတော့ ကိုယ်ပြောင်းချင်တာတွေ လျှောက်ပြောင်းပြီး နဂိုပုံစံ ကို မမှတ်မိတော့ဘူးဆိုရင်လည်း F9 နှိပ်ခြင်းဖြင့် နဂိုပုံစံအတိုင်း
အလွယ်တကူ ပြန်လည်ရရှိနိုင်ပါပြီနော်။
Esc Exit
မိမိ ရောက်ရှိနေတဲ့ CMOS Setup ထဲကနေ ပြန်ထွက်ချင်ပြီဆိုရင်လေ Keyboard ရဲ့ ဘယ်ဘက်အပေါ်ဆုံးက Esc ဆိုတဲ့ Key လေးကို နှိပ်လိုက်ရုံနဲ့ CMOS Setup မှ အလွယ်တကူ ထွက်လို့ရပြီး ပုံမှန်မြင်တွေ့နေကျ Windows ထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
စောစောက ပြောခဲ့တာက Up/Down Arrows တွေအကြောင်းနော်။ အဲဒါက ခေါင်းစဉ်ငယ်လေးတွေကို ရွေးတဲ့အခါသုံးပြီး ယခုပြောပြမဲ့ Left/Right Arrows လေးတွေကတော့ Menu ဆိုတဲ့ ခေါင်းစဉ်ကြီးတွေ ရွေးချယ်တဲ့အခါမှာ သုံးပါတယ်နော်။ ပုံမှာမြင်တွေ့ရတဲ့ ထိပ်ဆုံးက ခေါင်းစဉ်ကြီးတွေကို ရွေးချယ်ချင်ရင် Left/Right Arrows ကို အသုံးပြုရမှာဖြစ်ပါတယ်နော်။
Enter Select Sub-Menu
တစ်ခါတစ်လေမှာ တစ်ချို့ ခေါင်းစဉ်ငယ်လေးတွေမှာ ခေါင်းစဉ်ခွဲလေးတွေ ထပ်ရှိနေတတ်ပါတယ်။ အဲဒီလို ခေါင်းစဉ်ခွဲလေးတွေဆီကို လေ့လာချင်တယ်ဆိုရင်တော့ Enter ဆိုတဲ့ Key လေးကို အသုံးပြုခြင်းဖြင့် ရွေးချယ်နိုင်တယ်နော်။
F10 Save and Exit
ဒါလေးကတော့ ရှင်းပါတယ်နော်။. CMOS Setup ထဲဝင်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်မယ်. စိတ်ကျေနပ်ပြီဆိုရင် ပြန်မယ်. အဲလေ CMOS Setup ထဲက ပြန်ထွက်မယ်လို့ ပြောတာပါ။ အဲဒီအခါ ကိုယ်ပြင်ဆင်ခဲ့တာတွေကို ပျောက်ပျက်မသွားရအောင် Save ဆိုပြီး သိမ်းထားဖို့လိုအပ်ပါတယ်နော်။ ဒါကြောင့် ပြင်ဆင်ထားတဲ့ အချက်အလက်တွေကို သိမ်းမယ်၊
သိမ်းပြီးမှ ထွက်မယ်ဆိုရင် F10 ကို နှိပ်လိုက်ရုံနဲ့ အဆင်ပြေပါတယ်။
အခု အောက်ခြေက ညွှန်ကြားချက်တွေကို ပြောပြပြီးပြီဆိုတော့ ပုံရဲ့ ညာဘက်ခြမ်းက အကြောင်းအရာလေး ကိုပြောပြမယ်လေ။ သူကလည်း အကူအညီပေးတဲ့ အနေနဲ့ ညွှန်ကြားထားတဲ့ စာသားလေးပါ။ ကိုယ်ကြိုက်နှစ်သက်ရာ ခေါင်းစဉ် (Field) ကိုရွေးချယ်မယ်ဆိုရင် Tab, Shift-Tab (သို့) Enter စတဲ့ Key တစ်ခုခုကို အသုံးပြုနိုင်လို့ ရှင်းပြခြင်းဖြင့် အသိပေးထားတာပါ။
ကဲ... အခု ပုံမှာတွေ့နေရတဲ့ Main ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိနေတဲ့ အကြောင်းအရာလေးတွေကို ပြောပြမယ်နော်။
System Time
ဆိုတာကတော့ ရှင်းပြစရာမလိုအောင်ကို ရှင်းပါတယ်နော်။ အချိန်ကို ဖေါ်ပြပေးထားတာပါ။ မိမိရဲ့စက်အတွင်း မှာရှိနေတဲ့ အချိန်နာရီလေးမှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးနိုင်သလို အကယ်၍ မှားယွင်းနေခဲ့ရင်လည်း ပြန်လည်ပြင်ဆင်လို့ ရပါတယ်။ ကယ် ... ဒီတော့ ပြင်ဆင်ချင်တယ်ဆိုရင် စောစောက ရှင်းပြခဲ့တဲ့အတိုင်း -/+ Keys တွေကို အသုံးပြုခြင်းဖြင့် ပြုပြင်ပြောင်းလဲလို့ရပါတယ်။
System Date
ဆိုတာကတော့ နေ့ရက်နဲ့ဆိုင်တာပေါ့နော်။ မှားသွားလားမသိဘူး။ ဟဲဟဲ... ခက်တယ်နော်။ ဒီတော့ နေ့ရက်၊ လ၊ ခုနှစ်တွေ လွှဲမှားနေခဲ့ရင် ပြုပြင်ပြောင်းလဲလို့ရပါတယ်။ ထုံးစံအတိုင်း -/+ Keys တွေကို အသုံးပြုလို့ရပါတယ်။
Legacy Diskette A
ဒါကတော့ Floppy Disk အတွက်ပါ။ ကိုယ့်စက်မှာ Floppy Disk ပါခဲ့ရင် အရွယ်အစားနဲ့သက်ဆိုင်တဲ့ Size ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Enter နှိပ်ပြီး ရွေးချယ်လို့ရပါတယ်။ ပုံလေးကိုကြည့်ပါဦးနော်။
ကြိုက်နှစ်သက်ရာ ရွေးပြီး Enter နှိပ်လို့ရပါတယ်။
Legacy Diskette B
ဒါကလည်း စောစောက A နဲ့ အတူတူ ပါပဲနော်။ ဒီတော့ ထုံးစံအတိုင်း စောစောက ပြောခဲ့သလို လုပ်ဆောင်နိုင်ပါတယ်။ အများအားဖြင့် Floppy က တစ်ခုပဲပါတတ်တာမို့ B ဆိုတဲ့နေရာမှာ Disabled ဖြစ်နေတာများပါတယ်။ ယခုနောက်ပိုင်းမှာတော့ Floppy ကို သိပ်မသုံးတော့လို့ မိမိအသုံးပြုနေတဲ့ စက်မှာ Floppy မပါဝင်တော့ဘူးဆိုရင် A နဲ့ B နှစ်မျိုးစလုံး ကို Disabled လုပ်ထားလို့ရပါတယ်။
Primary Master
ပုံမှာတွေ့ရတဲ့အတိုင်း တစ်ချို့ ခေါင်းစဉ်လေးတွေမှာ မြားလေးတွေပါတတ်တယ်နော်။ အဲဒီလို မြားလေးတွေပေါ်ရတဲ့ အကြောင်းကလည်း သူ့အကြောင်းနဲ့သူမို့ လို့ပြောရမလိုပါပဲ။ ဘာလို့လဲဆိုတော့ မြားပါခဲ့ရင် နောက်ထပ်ခေါင်းစဉ် အခွဲလေးတွေ ထပ်ရှိသေးတယ်လို့ဆိုလိုတာပါ။ Computers တိုင်းမှာ အများသောအားဖြင့် IDE Cable ကြိုးနှစ်ကြိုးပါဝင်တတ်ပြီး Cable ကြိုးတစ်ကြိုးမှာ Hard disk drive (သို့) CD-ROM နှစ်ခုတပ်ဆင်လို့ရတယ်လေ။ ဒါပေမဲ့ တစ်ခုက Master ဖြစ်ပြီးတော့ တစ်ခုကတော့ Slave ဖြစ်ရပါမယ်။ ပြောချင်တာကတော့ နှစ်ခုစလုံးဆရာကြီး ဖြစ်နေလို့မရဘူးပေါ့။ တစ်ခုက ဆရာကြီးဖြစ်ရင်နောက်တစ်ခုကတော့ တပည့်ဖြစ်ရမှာပေါ့နော်။ Master ဆိုတာကတော့ ဆရာကြီးဆိုတဲ့ အတိုင်း ပိုပြီးရာထူးကြီးတယ်ပေါ့။ Master နဲ့ Slave မှာဆိုရင် စက်က Master ကို ဦးစားပေးပြီး အလုပ်လုပ်စေမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ်အရင်ဦးဆုံး အလုပ်လုပ်စေချင်တဲ့ အရာကို Master ပေးလိုက်ရုံပေါ့နော်။ စောစောကပြောခဲ့တယ်နော်။ IDE Cable ကြိုးနှစ်ကြိုးပါတယ်ဆိုတာလေ။ ဒါကြောင့် အဲဒီ ကြိုးနှစ်ကြိုးကို Primary နဲ့ Secondary ဆိုပြီး ခွဲထားပါတယ်။ ပထမဆုံး ဦးစားပေးချင်တဲ့အရာကို Primary ကြိုးရဲ့ Master နေရာမှာထားလိုက်ရုံပေါ့နော်။ ဥပမာ နားလည်လွယ်အောင်ပြောရရင် စက်ကို စတက်တက်ချင်း Hard disk ပိုင်းကို အလုပ်လုပ်စေချင်တယ်ဆိုရင် Primary Master နေရာမှာ Hard disk ကို ရွေးပေးလို့ရပါတယ်။ ဒီလောက်ဆိုရင်တော့ နားလည်မယ်ထင်ပါတယ်။ ကဲ... ဒါဆိုရင် မြားလေးပါတဲ့ Primary Master ဆိုတာကို ရွေးပြီး Enter နှိပ်ကြည့်ပါနော်။ ပုံလေးကိုကြည့်ပါဦးနော်။
အဲ... ပုံထဲမှာ အများကြီးပဲဆိုပြီး စိတ်မညစ်သွားပါနဲ့ဦးနော်။ တစ်ကယ်ဖတ်ကြည့်လိုက်ရင် လွယ်လွယ်လေးပါ။ ကိုယ်ရွေးချယ်ချင်တဲ့ အမျိုးအစားကို type ဆိုတဲ့ နေရာမှာရွေးပေးရုံပါပဲ။ ပုံရဲ့ ညာဘက်မှာလည်း အကူအညီပေးဖို့ အညွှန်းလေးတွေပါ ပါတယ်။ စက်တစ်ခုနဲ့ တစ်ခု မတူသလို ကိုယ်တပ်ဆင်ချင်တဲ့ အမျိုးအစားကလည်း တူမှာ မဟုတ်လို့ တစ်ခုချင်းစီကို မပြောပြတော့ဘူးနော်။ ကိုယ်တပ်ဆင်ချင်တဲ့ အမျိုးအစားပေါ်မူတည်ပြီး ပြောင်းလဲပေးရမှာပါ။
Primary Slave
တစ်ကယ်လို့ မိမိက IDE Cable ရဲ့ Primary ကြိုးမှာပဲ နောက်ထပ် Drive တစ်ခုတပ်ဆင်ချင်တယ်ဆိုရင် Primary Slave မှာ တပ်ဆင်ရမှာဖြစ်ပါတယ်။ ပုံလေးကို ကြည့်ပါဦးနော်။
တပ်ဆင်ပြီးရင်တော့ ပြောင်းစရာရှိတာပြောင်းပေါ့။ ဘာမှ တပ်ဆင်စရာမရှိဘူး၊ ဒါမှမဟုတ် Primary Slave မှာ မတပ်ဆင်ချင်ဘူးဆိုရင် Disabled လုပ်လိုက်ရုံပါပဲနော်။ မခက်ပါဘူး။ စိတ်ရှည်ရှည်နဲ့ လေ့လာပြီး လုပ်ဆောင်ရင် လွယ်ပါတယ်နော်။
Secondary Master နဲ့ Secondary Slave
ဒီ နှစ်ခုလည်း အတူတူပါပဲနော်။ ပုံလေးတွေကို ကြည့်လိုက်ပါဦး။ စောစောက Primary နဲ့ သဘောတရားချင်း အတူတူပါပဲနော်။
Keyboard Features
သူ့မှလည်း မြားလေးပါတယ်ဆိုတော့ Enter နှိပ်ကြည့်ပါနော်။ ပုံလေးမှာတွေ့ရတဲ့အတိုင်း ကိုယ့်စိတ်ကြိုက်ရွေးချယ်စမ်းသပ်နိုင်ပါတယ်နော်။
Keyboard နဲ့ပတ်သက်ပြီး ပြင်ဆင်စရာရှိတယ်ဆိုရင် ကိုယ့်စိတ်ကြိုက်ပြင်ဆင်ပြီး စောစောတုန်းကပြောပြခဲ့လို F10 နှိပ်လိုက်ပါက ပြောင်းလဲထားတာတွေကို သိမ်းပြီးသားဖြစ်သွားပါလိမ့်မယ်နော်။ ပြီးရင်တော့ မိမိ အသုံးပြုနေကျ Windows ထဲကနေ ပြောင်းလဲမှုရှိ၊ မရှိ စစ်ဆေးကြည့်လို့ရပါတယ်။
System Memory နဲ့ Extended Memory
ဒီ နှစ်ခုကတော့ ပြုပြင်ပြောင်းလဲလို့ မရဘဲ ပုံသေပါဝင်ထည့်သွင်းထားတဲ့ သိုလှောင်နိုင်မှုပမာဏ ဖြစ်ပါတယ်။
Boot-time Diagnostic Screen
Boot လုပ်ချင်လား၊ မလုပ်ချင်ဘူးလားဆိုတာကို ရွေးချယ်နိုင်ပါတယ်။ လုပ်ဆောင်ချင်ရင် Enabled ရွေးနိုင်ပြီး မလုပ်ဆောင်ချင်ရင် Disabled ကို ရွေးချယ်နိုင်ပါတယ်နော်။ စိတ်ကြိုက်သာလုပ်ဆောင်ပေါ့။ ပုံလေးကို ကြည့်ပါဦးနော်။
ကဲ... အခုလောက်ဆိုရင်တော့ CMOS Setup Utility ထဲက Main ဆိုတဲ့ Tab အကြောင်းကို သိသင့်သလောက်တော့ သိရပါပြီ။ ဒီတော့ Advanced Tab နဲ့ သက်ဆိုင်တဲ့အကြောင်းလေးတွေကိုတော့ လာမယ့် အပတ်မှာ ဆက်လက်လေ့လာကြရအောင်။
ကဲ... ဒီတစ်ခါတော့ Advanced Tab လေးရဲ့ အောက်မှာ ပါဝင်တဲ့ အကြောင်းအရာလေးတွေကို ပြောပြမယ်နော်။
ပုံမှာ တွေ့ရတဲ့အတိုင်း သူ့ရဲ့အောက်မှာလည်းခေါင်းစဉ်ခွဲလေးတွေအများကြီးပဲနော်။
ပထမဆုံးတစ်ခုက Multiprocessor Specification ပါ။ ပုံရဲ့ညာဘက်ပိုင်းမှာလည်း နားမလည်မှာစိုးလို့ ရှင်းပြထားသေးတယ်နော်။ တစ်ချို့ Operating System (OS) တွေမှာ Multiprocessor အတွက် Specification အနေနဲ့ 1.1 ရှိရုံနဲ့ လုံလောက်ပေမဲ့ တစ်ချို့ OS တွေအတွက်က 1.4 လိုအပ်ပါတယ်။ ဒါကြောင့် ပုံမှာမြင်တွေ့ရတဲ့အတိုင်း မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒီတော့ Enter Key ကို နှိပ်ခြင်းဖြင့် ရွေးချယ်ကြည့်ပါ။
မိမိတင်ထားတဲ့ OS နဲ့တော့ ကိုက်ညီဖို့လိုပါတယ်။ တစ်ကယ်လို့ ကိုယ်က မိမိစက်အကြောင်း ကျွမ်းကျွမ်းကျင်ကျင် မသိသေးဘူးဆိုရင် Computer ကို ဖွင့်ပြီး CMOS Setup ထဲဝင်ကာ မိမိစက်အတွင်း Default အနေနဲ့ ပါဝင်နေတဲ့ ကိန်းကဏန်းတွေကို လေ့လာကြည့်နိုင်ပါတယ်။ အခုပုံမှာ 1.4 ကို Default အနေနဲ့ တွေ့မြင်ရတာပါ။
ကဲ... နောက်ခေါင်းစဉ်တစ်ခုကိုသွားရအောင်။ Installed O/S တဲ့နော်။ ဒီတော့ ကိုယ် Installed လုပ်မဲ့ O/S ကို ရွေးရမှာပါ။ ဒီတော့ Enter တစ်ချက်နှိပ်ကြည့်ရအောင်နော်။
ဟော... ဒီတစ်ခါတော့ Other နဲ့ Win95 ဆိုပြီး နှစ်မျိုးရှိတယ်နော်။ ကိုယ်က Windows 95 ကို Installed လုပ်ထားတယ်ဆိုရင် Win95 ကိုရွေးချယ်မှာဖြစ်ပြီးတော့ Windows XP (သို့) အခြား Windows တစ်ခုခုကို Installed လုပ်ထားတာဆိုရင်တော့ Other ကိုရွေးချယ်ထားမှာဖြစ်ပါတယ်။ ကိုယ်က O/S ကို install မလုပ်ရသေးဘူးဆိုရင် ကိုယ် install
လုပ်မယ့် Windows ကို ကြေငြာပေးရမှာဖြစ်ပြီးတော့ တစ်ကယ်လို့ ကိုယ်က O/S ကို installed
လုပ်ပြီးသွားပြီဆိုရင်တော့ စက်က အလိုအလျောက်မိမိ Installed လုပ်ထားတဲ့ O/S ကို Default
အနေနဲ့ ဖေါ်ပြပေးထားမှာ ဖြစ်ပါတယ်။
ဒီအပိုင်းမှာလည်း အကူအညီပေးတဲ့ အနေနဲ့ နားမလည်ရင်ဖတ်ဖို့ ပုံရဲ့ ညာဘက်ပိုင်း
မှာ မြင်တွေ့ရတယ်နော်။ ကိုယ်နဲ့ အဆင်ပြေမယ့် O/S ကို ရွေးချယ်နိုင်ကြောင်းနဲ့ တစ်ကယ်လို့ Setting တစ်ခုခုလွှဲချော်ခဲ့ပါက မမျှော်လင့်ထားတဲ့ အရာလေးတွေကို မြင်တွေ့နိုင်တယ်လို့ သတိပေးထားတာပါ။
ကဲ... နောက်ထပ်ခေါင်းစဉ်လေးတစ်ခုကတော့ Reset Configuration Data တဲ့နော်။ ပုံရဲ့ညာဘက်ခြမ်းမှာပြောပြထားတာက တစ်ကယ်လို့ မိမိရဲ့ Extended System Configuration Data ကို ရှင်းလင်းချင်တယ်၊ ဖျက်လိုက်ချင်တယ် ၊ Reset ချချင်တယ်ဆိုရင် Yes ကိုရွေးနိုင်တယ်လို့ ရှင်းပြထားတာပါ။
မိမိထပ်ပြီး ထည့်သွင်းထားတဲ့ System Configuration ကို reset မလုပ်ချင်ဘူးဆိုရင်တော့လည်း No ပေါ့နော်။
အဲ... ၄ ခုမြောက်ကတော့ မြားလေးပါဝင်တဲ့ Cache Memory ပါ။ ပုံမှာ မြားလေးတွေ့တယ်နော်။ ထူးခြားမနေဘူးလား။ မြားလေးပါဝင်တဲ့ သဘောတရားကတော့ သူ့ရဲ့ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်အခွဲလေးတွေထပ်ပြီးရှိနေသေးတယ် ဆိုတဲ့ သဘောပါ။
ဒီတော့ ခေါင်းမရှုပ်သွားဘဲ ဆက်ပြီးလေ့လာကြည့်ရအောင်နော်။ Enter နှိပ်ပြီးဆက်သွားကြည့်
မယ်လေ။
ဟော... ခေါင်းစဉ်အခွဲလေးတွေ မနည်းဘူးပဲနော်။ ဖြည်းဖြည်းချင်းလေ့လာရအောင်ပါ။ သိသွားရင်တော့ မခက်ပါဘူးနော်။ ပထမဆုံးတွေ့ရတာက Memory Cache တဲ့နော်။ ညာဘက်ခြမ်းမှာရေးထားတာကတော့ Memory Cache နဲ့သက်ဆိုင်တဲ့ အခြေအနေလေးကို ဖြည့်ခိုင်းတာပါ။ ခေါင်းစဉ်ကြီးကိုက Cache Memory အကြောင်းဆိုတော့လေ Cache နဲ့သက်ဆိုင်တဲ့ အကြောင်းတွေကို ဖြည့်ပေးရမှာပါ။ ဒီတော့ အသုံးပြုမယ်ဆိုရင် Enabled ဖြစ်ပြီးတော့ အသုံးမပြုဘူးဆိုရင်တော့ Disabled ပေါ့နော်။
တစ်ယောက်နဲ့တစ်ယောက်အသုံးပြုတဲ့ စက်ချင်းကတူမှာမဟုတ်တော့ မိမိစက်နဲ့သက်ဆိုင်တဲ့
Cache Memory အကြောင်းကိုပဲဖြည့်ရမှာပါ။ အခု ဥပမာပေးတဲ့အနေနဲ့ အသုံးပြုထားတဲ့စက်မှာတော့ Enabled ကို ရွေးထားတယ်နော်။
ဒီတစ်ခါတော့ အုပ်စုအလိုက်ရှင်းပြမယ်နော်။ တူတဲ့အရာလေးတွေကို စုပြီးဖေါ်ပြပေးမှာမို့ပါ။ အခုအောက်မှာ ခေါင်းစဉ်တွေအများကြီးရှိနေပေမဲ့ အုပ်စု (၃) ပိုင်းပဲခွဲလိုက်မယ်နော်။ ဒီတော့ Cache System BIOS area နဲ့ Cache Video BIOS area ကို
အုပ်စုတစ်ခုအနေနဲ့ တွဲပြီးပြောပြမယ်နော်။ သူတို့က သဘောတရားချင်းတူတယ်ဆိုတာကို ခေါင်းစဉ်ကြည့်ရုံနဲ့သိနိုင်ပါတယ်နော်။ System နဲ့ Video ပဲကွဲတာကိုး။ ဟုတ်လား။
ဟဲဟဲ... ပျင်းနေမှာစိုးလို့ပါ။ ကဲ.. ဆက်ပြောရမယ်ဆိုရင်တော့ ဒီခေါင်းစဉ်နှစ်ခုက အနည်းငယ်ပဲ
ကွဲပြားမှုရှိပါတယ်။
ပုံရဲ့ ညာဘက်ခြမ်းမှာ ရှင်းပြထားတာက System BIOS area ကိုထိန်းချုပ်ထားတဲ့အပိုင်းဖြစ်သလို Video မှာဆိုရင်တော့ Video BIOS area ကိုထိန်းချုပ်ထား
တယ်လို့ ဆိုလိုပါတယ်။
သူတို့မှာတော့ ရွေးချယ်စရာက နှစ်မျိုးရှိတယ်နော်။ Uncached နဲ့ Write Protect ရှိ
တဲ့အထဲက တစ်မျိုးကိုရွေးပေးရမှာဖြစ်ပါတယ်။ Uncached ဆိုတာကတော့ အချက်အလက်တွေကို မသိုလှောင်ထားဘူး
လို့အဓိပ္ပါယ်ရတဲ့အတွက် System နဲ့ Video ပိုင်းတွေကို မထိန်းချုပ်ထားဘူးလို့ဆိုလိုတာပါ။ ဒါကြောင့် System , Video တို့နဲ့သက်ဆိုင်တဲ့ အရာတွေကို RAM ထဲမှာအလုပ်လုပ်စေချင်တယ်
ဆိုရင် Uncached ကိုရွေးလို့ရသလို စက်အတွင်းမှာရှိတဲ့ System , Video တို့နဲ့ ဆက်နွယ်နေတဲ့ အချက်အလက်တွေရေးသားတဲ့အခါမှာလည်း ရေးသားထားသမျှကို မှတ်သားထားခြင်းမရှိဘဲ ဥပက္ခာပြုချင်တယ်ဆိုရင် Write
Protect ကိုရွေးလို့ရပါတယ်။ နားလည်အောင်ပြောရရင်တော့ စက်အတွင်း System ,Video နဲ့ သက်ဆိုင်တာတွေကို RAM ထဲမှာ အလုပ်လုပ်စေချင်တယ်ဆိုရင် Uncached ၊ ဒါမှမဟုတ် စက်အတွင်းရေးသားအမျှကို ဂရုမပြုချင်ဘူးဆိုရင် Write Protect ကိုရွေးချယ်နိုင်ပါတယ်။ ပုံထဲမှာတော့ နှစ်မျိုးစလုံးအတွက် Write Protect ကိုပဲရွေးချယ်ထားတယ်နော်။
ကဲ... အခု နောက်ထပ်ခေါင်းစဉ် (၃) ခုပါဝင်တဲ့ အုပ်စုတစ်ခုအကြောင်းဆက်ပြီးပြောပြမယ်နော်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း Cache Base 0-512k , Cache Base 512k-640k နဲ့ Cache Extended Memory Area တို့ဖြစ်ပါတယ်။
ဒီ (၃) ခုကလည်း ထိန်းချုပ်တဲ့အပိုင်းပါပဲ။
သူ့မှတော့ ရွေးချယ်စရာ (၄) မျိုးရှိတယ်နော်။ Uncached နဲ့ Write Protect အကြောင်းကို ပြောပြပြီးပြီဆိုတော့ ကျန်တဲ့ နှစ်ခုအကြောင်းကို ဆက်ပြီးပြောပြမယ်လေ။ Write Through ဆိုတာက စက်အတွင်း ရေးသားလိုက်တဲ့အရာတွေကို သိမ်းဆည်းလိုက်တယ်။ ပြီးတော့ အဲဒီ သိမ်းထားတဲ့အရာတွေကို Main memory ဆီ ချက်ချင်းပို့လိုက်တာကိုပြောတာပါ။
အဲ... သို့ပေမဲ့ Write Back ဆိုတာကတော့လေ ရေးထားသမျှတွေကို သိမ်းဆည်းလိုက်တယ်။ ဒါပေမဲ့ Main memory က အဲဒီိ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို မလိုအပ်သေးသ၍
Main memory ဆီမပို့သေးဘဲ မူလသိမ်းဆည်းထားတဲ့နေရာမှာပဲဆက်လက်သိမ်းဆည်းထား
တယ်လို့ဆိုလိုတာပါ။
ဒီတော့ စောစောကပြောခဲ့တဲ့ခေါင်းစဉ် (၃) ခုလုံးအတွက် Write Back ကိုပဲရွေးချယ်ထားတယ်နော်။
အင်း... ပြီးတော့မယ်ဟေ့. ဟဲဟဲ လေ့လာရတာပျင်းနေမှာစိုးလို့ပါ။ နောက်ဆုံးအုပ်စု
လေးတစ်ခုကတော့ Cache နံပါတ်လေးတွေပါ။ အဲ တဖြည်းဖြည်းနဲ့ပိုပြီး လွယ်လာပြီနော်။ ပုံမှာ
မြင်တွေ့နေရတဲ့ အပြာရောင် Box လေးကို ဖတ်ကြည့်ပါဦး ။ မသိတာမရှိတော့ဘူးနော်။ အားလုံး
ပြောပြပြီးနေပြီကိုး။ ဟုတ်တယ်နော်။ မသိတာဆိုလို့ USWC Caching တစ်ခုပဲရှိတယ်။ မယုံရင် ပုံရဲ့ညာဘက်ခြမ်းက အကူအညီပေးတဲ့အနေနဲ့ ရှင်းပြထားတာလေးကို ဖတ်ကြည့်ပါဦး။ လွယ်တယ်နော်။ အခုမြင်တွေ့နေရတဲ့ Cache နံပါတ်တွေထဲကမှ တစ်ခုချင်းစီကို ရွေးချယ်နိုင်ပါတယ်နော်။ ကိုယ်ရွေူးထားတဲ့ နံပါတ်လေးကို သိမ်းဖို့မလိုအပ်ဘူးဆိုရင် Disabled လုပ်ထားနိုင်ပါတယ်။ ပုံမှာတွေ့ရတဲ့အတိုင်း
အားလုံးကို Disabled လုပ်ထားတယ်နော်။
သို့မဟုတ် မိမိကြိုက်သလိုရွေးချယ်ချင်တယ်ဆိုရင်လည်း ရွေးချယ်နိုင်ပါတယ်။
USWC Caching ဆိုတာက Uncached Speculative Write Combined (USWC) ဖြစ်ပြီးတော့ စိတ်ကူးစိတ်သန်းနဲ့ရေးသားထားတာတွေကို RAM ထဲမှာ အလုပ်လုပ်စေဖို့ခေတ္တသိမ်းဆည်းထားတဲ့နေရာ တစ်နည်းအားဖြင့် Buffer လို့ပြောတာပါ။ ပြောချင်တာကတော့ ရေးသားထားသမျှကို ကိုယ်ရွေးချယ်လိုက်တဲ့ Cache နံပါတပ် (ဥပမာ- Cache A000-AFFF) ကို RAM မှာအလုပ်လုပ်စေဖို့ ခတ္တသိမ်းဆည်းထားတာလို့ ဆိုလိုတာပါ။ သို့ပေမယ့် တစ်နေရာရာမှာ သိမ်းထားပြီး ချက်ချင်းပဲ Main memory ဆီပို့ချင်တယ်ဆိုရင် Write Through ၊ Main memory ဆီမပို့ချင်သေးပဲ တစ်နေရာမှာ ခတ္တသိမ်းထားပြီး လိုအပ်လာတဲ့အချိန်ကျတော့
မှ Main memory ဆီပို့ချင်တယ်ဆိုရင် Write back ၊ ဒါမှမဟုတ် ရေးထားသမျှကို ဂရုမပြုဘဲ လစ်လျူရှုထားမယ်ဆိုရင် Write Protect ကို ရွေးချယ်နိုင်ပါတယ်နော်။
ဒီတော့ ပုံလေးမှာတွေ့ရတဲ့အတိုင်း Cache နံပါတ်တွေအများကြီးရှိတဲ့အထဲက စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ အခုဆိုရင်တော့ Cache Memory နဲ့သက်ဆိုင်တဲ့ ခေါင်းစဉ်အခွဲလေးတွေကို လေ့လာလို့ပြီးပါပြီနော်။ ဒါပေမဲ့ Advanced သင်ခန်းစာက မပြီးသေးလို့ နောက်တစ်ပတ်မှာ ဆက်ပြောပြမယ်နော်။
CMOS Utilities ကို ကာထားသော Password ကို ပယ်ဖျက်ခြင်း။
အခု CMOS Utilities ကို ကာထားသော Password ကို ဘယ်လိုပယ်ဖျက်ရမလဲ ဆိုတာကို ပြောပြပါမယ်။ ဘာလို့ အဲ့ဒီလို CMOS Utilities ရဲ့ Password ကို ပယ်ဖျက်ခြင်းဆိုတာ ဖြစ်လာရသလဲဆိုတော့ ကိုယ့်ရဲ့ကွန်ပျူတာ Setting တွေကို လုံခြုံစေဖို့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ Setting တွေကို ပြောင်းသွားစေနိုင်တယ်ဆိုတာက တစ်ချို့ သိလို့ပြောင်းသွာတာမျိုး မဟုတ်ပဲနဲ့ မသိပဲနဲ့ ဟိုဟာလုပ်ကြည့် ဒီဟာလုပ်ကြည့်ရင်းနဲ့ Setting ပြောင်းသွားတတ်တာမျိုးလည်း ရှိပါတယ်။
ဟုတ်ပါတယ် တကယ်လည်း ဒါမျိုး ကြုံတွေ့ဖူးပါတယ်။ ကိုယ်လုပ်ထားတုန်းကတော့ သုံးရတာ အဆင်ကို ပြေနေတာပဲ။ နောက်တစ်ခါ သုံးလည်းသုံးကြည်တော့ ဟာ- Setting တွေက ဘယ်လိုဖြစ်နေတာလဲ ကွန်ပျူတာက အရင်တစ်နေ့ကနဲ့ မတူတော့ဘူး။ ဒုက္ခပဲ ချက်ချင်းကြီး ဘာဖြစ်သွားတာလဲပေါ့။ အဲ့ဒီတော့မှ ဘာဖြစ်မှန်း မသိဘူး။ ဟိုက ဖြစ်တာလား။ ဒီက ဖြစ်တာလားနဲ့ ဖြစ်ကုန်ရော။ ဘယ်ဟုတ်မလဲ နောက်ဆုံးတော့ CMOS Setting တွေ ပြောင်းနေတာကိုး။ အဲ့ဒီလိုမျိုး ကြုံတွေ့ရမှာစိုးလို့ CMOS Utilities ကို Password ပေးပြီး ကာကွယ်လို့ရပါတယ်။
ဒါကြောင့် တစ်ချို့တွေက ၄င်းတို့ရဲ့ ကွန်ပျူတာ Setting တွေကို တစ်ယောက်ယောက်က ၀င်ပြီး သိလို့ဖြစ်စေ၊ မသိပဲဖြစ်စေ Setting တွေ ၀င်ပြောင်းသွားတာမျိုးဖြစ်မှာစိုးလို့ မိမိတို့ ကွန်ပျူတာရဲ့ CMOS Utilities ကို Password ပေးပြီး ကာကွယ်ထားတတ်ပါတယ်။ ဒါဟာ ကွန်ပျူတာရဲ့ Setting တွေကို လုံခြုံမှုရှိစေတာတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲ့ဒီ ကိုယ်ကပေးထားတဲ့ Password ကို မေ့သွားတာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ CMOS Utilities ကို Password ပေးထားရင် လုံးဝမေ့လို့ မရဘူးနော်။ ကိုယ်က တစ်ခုခု Install လုပ်စရာရှိလို့ပဲဖြစ်ဖြစ် CMOS ထဲ ၀င်ပြီးတော့ First Boot Device မှာ CD-ROM ကို ၀င်ကြော်ငြာပေးရတော့မယ်။ ဒီလိုဆိုရင် CMOS Password ကို မေ့နေရင် ဘယ်လိုလုပ်မလဲ။ CMOS ကို Password ပေးပြီးသွားလို့ အဲ့ဒီ Password ကို မေ့သွားပြီဆိုရင် တစ်ခြားဘာနှင့်မှ ၀င်လို့မရတော့ဘူးနော်။ အဲ့ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီအခါကျရင် ဘာမှလုပ်ပေးလို့မရဘူး။ အဲ့ဒီ Password ကို ဖျက်ရုံပဲပေါ့။
ဒီတော့ ဒီ CMOS Utilities ကို Password ပေးထားခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီ Password ကို မေ့သွားလို့ မရဘူးပေါ့။ ဒါဟာ သိပ်ကိုအရေးကြီးတယ်ဆိုတာ သိကြတဲ့ အတိုင်းပါပဲ။ အဲ့ဒီတော့ အခုအဲ့ဒီလောက်ရေးကြီးတယ်ဆိုတဲ့ CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတယ်ဆိုရင် ဘယ်လိုပြန်ဖျက်ရမလဲဆိုတာကို တစ်ဆင့်ချင်း ပြောပြပါမယ်။
အဲ့ဒီတော့ အရင်ဦးဆုံး CMOS Utilities ကို ကာထားတဲ့ Password ကို ဖျက်တဲ့နေရာမှာ Password ကို ဖျက်လို့ရတဲ့အချက် နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က Mechanically အရ Password ကို ပယ်ဖျက်ခြင်းပဲ ဖြစ်ပါတယ်။ Mechanically အရ Password ကို ပယ်ဖျက်ခြင်းဆိုတဲ့နေရာမှာ Motherboard ပေါ်က Jumper ပြောင်းခြင်းနှင့် ဒုတိယ တစ်ချက်က Motherboard ပေါ်က Battery ကို ဖြုတ်ပေးခြင်းဆိုပြီး CMOS Utilities ကို ကာထားသော Password ကို ပြောင်းနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။
Mechanically အရ CMOS Utilities ကို ကာထားသော Password ကို ပြောင်းခြင်း သို့မဟုတ် ဖျက်ခြင်း။
Motherboard အများစုမှာဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက Motherboard ပေါ်က PROM Chip တွေအတွက် Dynamic CMOS/BIOS Setting တွေကို ပြောင်းလဲမှု မရှိစေရန် သို့မဟုတ် သိမ်းဆည်းရန်အတွက် Battery ကို အသုံးပြုခဲ့ကြပါတယ်။ ဒီ BIOS/CMOS Setting တွေကို ကွန်ပျူတာကိုစတင်ထုတ်လုပ်လိုက်တဲ့ စက်ရုံကသော်လည်းကောင်း၊ ဒါမှမဟုတ် အဲ့ဒီ ကွန်ပျူတာကို အသုံးပြုမည့် User အသုံးပြုသူကသော်လည်းကောင်း Setting ကို Manually အရ ကိုယ်တိုင်ကိုယ်ကျ သတ်မှတ်ပြီး ချိန်ညှိနိုင်ပါတယ်။ အဲ့ဒီလိုမျိုး ချိန်ညှိထားတဲ့ Setting တွေကို ပြောင်းချင်တယ်ဆိုရင်လည်း ပြောင်းလို့ရနိုင်ပါတယ်။ ဒီ Dynamic Setting တွေကို ပြောင်းတဲ့နေရာမှာ ပြောင်းနိုင်တဲ့ အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က Motherboard ပေါ်က Jumper ကိုချိုးခြင်း၊ (Setting) ပြန်ချခြင်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာကို Power Plug ကို ပိတ်ပစ်လိုက်ခြင်းဖြင့် ဖြစ်စေ လုပ်ဆောင်နိုင်ပါတယ်။ နောက် ဒုတိယ တစ်ချက်ကတော့ Motherboard ပေါ်က PROM Chip တွေကို Maintain လုပ်နိုင်ဖို့အတွက် ပေးထားတဲ့ Motherboard ပေါ်က Battery ကို ဖြုတ်ခြင်းဖြင့်လည်း Resetting ပြန်လုပ်နိုင်ပါတယ်။
Motherboard ပေါ်က Battery ဘက်ထရီ ကိုဖြုတ်၍ CMOS Utilities ကိုကာထားသော Password ကိုပယ်ဖျက်ခြင်း။
အကယ်၍များ အထက်မှာ ပြောပြခဲ့တဲ့အတိုင်း Jumper များကို ချိုးခြင်းဖြင့် ဒီ CMOS ကို ကာထားသော Password ဟာ ပြောင်းမသွားဘူး၊ ပျက်မသွားဘူးဆိုလို့ရှိရင် နောက်တစ်နည်း Password ကို ဖျက်လို့ရတဲ့နည်းကတော့ Motherboard ပေါ်က ဘက်ထရီကို ဖြုတ်ထားခြင်းဖြင့်လည်း ၄င်း Password ကို ဖျက်လို့ရနိုင်ပါတယ်။ အဲ့ဒီတော့ CMOS Utilities ကို ကာထားသော Password ကို ဘယ်လိုဖျက်မလဲဆိုတာ ကြည့်ရအောင်။
၁။ အရင်ဆုံး အပေါ်မှာပြောခဲ့သလိုပဲ ကွန်ပျူတာကို Shut Down လုပ်ပါ။ ပြီးရင် Power Plug ကို ဖြုတ်ထားပါ။ ဒါမှ ပိုလို့စိတ်ချရတာပေါ့။
၂။ ပြီးရင် Casing အဖုံးကို ဖွင့်ပြီးတော့ Motherboard ပေါ်မှာ ဘက်ထရီလေးကို တွေ့ပါလိမ့်မယ်။ ဘက်ထရီရဲ့ပုံမှန် အရွယ်အစားက ၁ လက်မ သို့မဟုတ် ၂ လက်မခန့်လောက် ရှိပါတယ်။ သူ့ရဲ့ Diameter ခွက်လေးပေါ်မှာ ရှိနေတာကို တွေ့တယ်နော်။
၃။ အဲ့ဒီ ထက်ထရီကို Motherboard ပေါ်ကနေပြီးတော့ သူ့ရဲ့ Diameter ခွက်လေးပေါ်က ခဏဆွဲဖြုတ်ထားပေးပါ။ အဲ့ဒီလို ဆွဲဖြုတ်တဲ့နေရာမှာ အဲ့ဒီ ဘက်ထရီကို ကွန်ပျူတာအပြင်မှာ ၁၀ မိနစ် ဒါမှမဟုတ် ၁၅ မိနစ် ခန့်လောက် ခေတ္တ ထားပေးထားလိုက်ပါ။
၎။ မိနစ် ၂၀၊ ၃၀ ခန့်လောက်ကြာတဲ့အခါမှာ သူ့ကို သူ့နေရာသူ ပြန်ထားပေးလိုက်ပါ။ ဘက်ထရီလေးကို ဆွဲဖြုတ်လိုက်ပါ။
၅။ ပြီးသွားပြီဆိုရင် ကွန်ပျူတာကို ပြန်ပြီးတော့ Power ပြန်ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို Restart ပြန်လုပ်ပေးပါ။
၆။ Restart ပြန်လုပ်ပြီး ကွန်ပျူတာစပြီးတော့ တက်ပြီဆိုတာနဲ့ Delete, F1, F10 Key တို့ထဲက Key တစ်ခုခုကို ဆက်တိုက်နှိပ်ထားပေးလိုက်ပါ။ ဒါဆို CMOS Setup ထဲကို ရောက်သွားလိမ့်မယ်။
၇။ CMOS Setup ထဲကို ရောက်သွားပြီဆိုတာနဲ့ချက်ချင်း ကိုယ့်ကွန်ပျူတာရဲ့ Default အစိတ်အပိုင်းပုံစံတွေကို စစ်ကြည့်လိုက်ပါ။ CPU, RAM, Harddisk တို့ရဲ့ အရွယ်အစား နှင့် အမျိုးအစားကို စစ်ကြည့်ပြီးတဲ့အခါ ပြန်ထွက်လိုက်ပါ။
၈။ နောက်ဆုံး အကုန်လုံးပြီးသွားပြီဆိုတာနဲ့ ၄င်းပြင်ထားတဲ့ Setting တွေကို သက်ရောက်စေဖို့အတွက် Save လုပ်ပြီးမှ ပြန်ထွက်ရမှာ ဖြစ်တယ်။ Save မလုပ်ပဲ ထွက်ရင် ကိုယ်အခုနက သတ်မှတ်ထားတဲ့ Setting တွေဟာ သက်ရောက်မှာ မဟုတ်ပါဘူး။
ဒါဆိုရင် CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတဲ့အခါ ဘယ်လိုပြန်ဖျက်ရမယ်ဆိုတာ သိမယ်နော်။
အကယ်၍များ Jumper ကို ဖြုတ်ခြင်းဖြင့်သော်လည်းကောင်း၊ Battery ကို ဖြုတ်ထားခြင်းဖြင့်သော်လည်းကောင်း၊ CMOS Utilities Password ကို ဖျက်၍မရလျှင် Motherboard ကို စဉ်းစားရပါတော့မယ်။ ဟိုးအရင်က တစ်ချို့ Motherboard တွေမှာဆိုရင် အပေါ်မှာပြောခဲ့သလိုမျိုး ရွှေ့လို့ရတဲ့ Jumper တွေလည်း မပါသလို၊ Battery တွေကျတော့လည်း ဖြုတ်လို့မရအောင် တစ်ခါတည်း ခဲတို့ပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲ့သလိုမျိုး Motherboard ပေါ်က Jumper ချိုးတာတို့၊ Battery ဖြုတ်တာတို့ကို လုပ်လို့မရပါဘူး။ အကယ်၍များ အဲ့ဒီလိုမျိုး Motherboard ပေါ်မှာ Jumper ကို ချိုးခြင်းဖြင့်သော်လည်းကောင်း၊ Battery ကို ဖြုတ်ထားခြင်းဖြင့်သော်လည်းကောင်း၊ CMOS Utilities ကို ကာထားသော Password ကို ဖျက်၍မရဘူးဆိုလို့ရှိရင် ဘယ်လိုလုပ်ရင် ရနိုင်မလဲဆိုတာ စဉ်းစားရမည့်အချက် သုံးချက်ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ဖြစ်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးအရင်အစောပိုင်းက Motherboard တွေမှာသာ ဒီလိုမျိုး Jumper ချိုးလို့မရတာတို့၊ Battery ကို ဖြုတ်မရတာတို့ ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်း Motherboard တွေမှာတော့ ဒီလိုမဖြစ်တော့ပါဘူး။ ကဲ-အဲ့ဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်သုံးချက်ကို စဉ်းစားကြည့်ရအောင်။
၁။ ပထမဆုံး တစ်ချက်ကတော့ Motherboard ပေါ်က BIOS/CMOS PROM Chip ကို ဖြုတ်ယူပြီးတော့ အဲ့ဒီ Motherboard ကို ထုတ်လုပ်တဲ့ စက်ရုံ သို့မဟုတ် ကုမ္ပဏီကို ပို့လိုက်တာပဲဖြစ်စေ၊ ဒါမှမဟုတ် BIOS ထုတ်လုပ်တဲ့ ကုမ္ပဏီသို့ပို့ပြီး အဲ့ဒီ CMOS Setting တွေကို ဖျက်ပြီးပြန်ရေးတာပဲဖြစ်စေ လုပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း Motherboard တစ်ခုလုံးကို ယူပြီးတော့ ထုတ်လုပ်တဲ့ စက်ရုံသို့ သွားပြီးတော့ ပြလိုက်ပါ။ ဒါဆို ပြန်ကောင်းသွားပါလိမ့်မယ်။
၂။ ဒုတိယတစ်ချက်က အဲ့ဒီ Motherboard ရဲ့ BIOS/CMOS PROM Chip ဟာ Update လုပ်လို့ရတဲ့ Chip တစ်ခုဖြစ်နေမယ်ဆိုရင် ၄င်း BIOS Update ကို Download လုပ်ပြီးတော့ PROM ကို ပြန်လည်ရေးလိုက်ရင်လည်း CMOS Utilities ကို ကာထားသော Password ကို ပြန်ဖျက်နိုင်ပါတယ်။
၃။ အကယ်၍မှ အပေါ်မှာ ပြောခဲ့တဲ့နည်းတွေနှင့် လုပ်လို့မှ မရသေးဘူးဆိုလို့ရှိရင်တော့ နောက်ဆုံးနည်း တစ်နည်းရှိသေးတာက အဲ့ဒီ Password ကို ပြန်ဖျက်နိုင်ဖို့အတွက် သုံးလို့ရတဲ့ Software လေး တစ်ခုရှိပါတယ်။ အဲ့ဒီ Software ကို အသုံးပြုပြီးတော့ PROM Chip ကနေ CMOS Utilities ကို ကာထားတဲ့ Password ကို ဖျက်မယ်ဆိုရင် ရနိုင်ပါတယ်။ ဒါပေမယ့် နည်းနည်းတော့ အာရုံစိုက်ပြီး ဖျက်ရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ Software က အလွန်ဈေးကြီးပါတယ်။ အဲ့ဒီ Program မှာ Utilities တွေ Cracks တွေပါပါတယ်။
ကဲဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ BIOS/ CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတယ်ဆိုရင် အခုပြောပြထားခဲ့တဲ့ နည်းတွေအတိုင်း အဆင့်ဆင့်လုပ်ဆောင်ပြီးတော့ ၄င်း Password ကို ပြန်ဖျက်လို့ရနိုင်မယ်လို့ ထင်ပါတယ်။