Laptop ထဲက SO-DIMM အကြောင်း
SO-DIMM ရဲ့ အပြည့်အစုံက Small Outline Dual In-line Memory Module ဖြစ်ပါတယ်။ SO-DIMM ဟာ Integrated Circuits နဲ့ တည်ဆောက်ထားတဲ့ Memroy ဖြစ်ပါတယ်။
SO-DIMM ဟာဆိုလျင် ရိုးရိုးပုံမှန် DIMM ထက်သေးငယ်ပြီး၊ အရွယ်အစားအားဖြင့် DIMM ရဲ့ တ၀က်သာသာလောက်ပဲ ရှိပါတယ်။ SO-DIMM ကို နေရာအခက်အခဲရှိတဲ့ Laptop ကွန်ပျူတာတွေ၊ Small footprint PCs တွေ၊ နည်းပညာမြင့်မားပြီး Upgrade လုပ်လို့ရနိုင်တဲ့ ရုံးသုံး Printer တွေ၊ Router လို Network Hardware တွေမှာ အသုံးပြုပါတယ်။
SO-DIMM တွေက Pin အရေအတွက်အားဖြင့် မတူညီကြတာကို တွေ့ရပါတယ်။ 72 Pins၊ 100 Pins၊ 144 Pins၊ 200 or 204 Pins အစရှိသည်တို့ပဲ ဖြစ်ပါတယ်။ 72 Pins နှင့် 100 Pins ရှိတဲ့ SO-DIMM တွေက Data တွေကို သယ်ပို့ရာတွင် 32-bit အထိ အသုံးပြုနိုင်ပါတယ်။ 144 Pins၊ 200 Pins နှင့် 204 Pins ရှိတဲ့ SO-DIMM တွေကတော့ Data တွေကို သယ်ပို့ရာမှာ 64-bit အထိ အသုံးပြုနိုင်ပါတယ်။ ပုံမှန် DIMM တွေနှင့် နှိုင်းယှဉ်လျင်တော့ ပုံမှန် DIMM တွေမှာ 64-bit အထိ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။
SO-DIMM ရဲ့ ပုံစံတော်တော်များများကို Notch လို့ခေါ်တဲ့ အထစ်ကလေးတွေနဲ့ ခွဲခြားနိုင်ပါတယ်။ Pins အရေအတွက် မတူတာနဲ့ Notch လို့ခေါ်တဲ့ အထစ်ကလေးတွေ တည်ရှိမှုကလည်း မတူပါဘူး။ 100-pin SO-DIMM မှာ ဆိုလျင် Notch လို့ခေါ်တဲ့ အထစ်ကလေး နှစ်ခုပါရှိပါတယ်။ 144-pin SO-DIMM မှာတော့ Notch တစ်ခုသာလျင်ရှိပြီး၊ အဲဒီ Notch လေးက အလယ်တည့်တည့်နဲ့ မနီးမဝေးမှာ ရှိပါတယ်။ 200-pin SO-DIMM မှာလည်းပဲ Notch တစ်ခုသာလျင်ရှိပြီး၊ ၎င်း Notch ကလေးက အစွန်းတဖက်နဲ့ နီးနီးကပ်ကပ် တည်ရှိနေတာကို တွေ့ရပါလိမ့်မယ်။
အကယ်၍ 200-pin SO-DIMM မှာ Notch လေးက အလယ်တည့်တည့်နဲ့ မနီးမဝေးမှာ ရှိခဲ့မယ်ဆိုလျင်တော့ ၎င်းကို DDR2 လို့ခေါ်ပြီး၊ Notch လေးက အလယ်တည့်တည့်နဲ့ တော်တော်ဝေးဝေး နေရာမှာ ရှိခဲ့မယ်ဆိုလျင်တော့ ၎င်းကို DDR လို့ အကြမ်းဖျင်း ခွဲခြားနိုင်ပါတယ်။ အခုလို Notch ရဲ့ တည်ရှိတဲ့နေရာတွေ မတူညီတဲ့ ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားခြင်းဟာ မှားယွင်းပြီးမတပ်ဆင်မိစေဖို့ရန်အတွက် ဖြစ်ပါတယ်။
Memory ထုတ်လုပ်တဲ့နည်းပညာတွေ တိုးတက်လာတာနှင့်အမျှ SO-DIMM တွေဟာလည်း သေးငယ်ပေမဲ့ သာမန် အရွယ်အစားကြီးတဲ့ DIMM တွေနဲ့ အပြိုင် အလုပ်လုပ်လာနိုင်တာကို တွေ့ရပါတယ်။ ဥပမာ- Clock Speed လို့ခေါ်တဲ့ အမြန်နှုန်းဟာ ဆိုလျင် 400 MHz PC-3200 အထိ DIMM မှာ အသုံးပြုလို့ရသလိုမျိုး SO-DIMM မှာလည်း အသုံးပြုလို့ ရနိုင်ပါတယ်။ Capacity အနေနဲ့လည်း 512 MB၊ 1GB အစရှိသဖြင့် DIMM မှာ အလုပ်လုပ်သလို SO-DIMM မှာလည်း အလုပ်လုပ်လာနိုင်ပါပြီ။
ယနေ့ခေတ်မှာတော့ DDR2 SO-DIMM အထိ အသုံးပြုလာကြပါပြီ။ ၎င်းမှာပါဝင်တဲ့ Clock Speeds တွေက 200 MHz ကနေ အမြင့်ဆုံး 800 MHz PC2-6400 နှင့် 1066 MHz PC2-8500 အထိ ရရှိနိုင်ပြီ ဖြစ်ပါတယ်။
အသစ်ထွက်ရှိလာတဲ့ 204-pin SO-DIMM မှာတော့ Clock speeds တွေက PC3-6400၊ PC3-8500၊ PC3-10600၊ PC3-12800 အထိ အသုံးပြုနိုင်နေပါပြီ။
ဒီတော့ ကျွန်တော်တို့စဉ်းစားကြည့်ရင် SO-DIMM ဆိုတဲ့ Memory ဟာ အဆင့်ဆင့် ပြောင်းလဲလာရာ PC ကနေ PC 3 အထိအောင်ပဲ ဖြစ်ပါတယ်။ ဒီတော့ နောက်တစ်ကြိမ်မှာဆိုလျင် PC 4 ဆိုပြီး ထွက်ပေါ်လာလိမ့် အုံးမည်လား...။
|